ယဉ်ကျေးဝေဆာ ပြည်မြန်မာ..







ကမ္ဘပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုရင် မြန်မာပြည်နှင့် တွဲပြီးမှ မှတ်သားလာရ သည့်အထိ မြန်မာပြည်ကြီးက သာသနာ့တံခွန် လွှင့်တင်နိုင်ခဲ့တာ သမိုင်းအစဉ် အဆက်ဖြစ်ပါသည်။

ရွှေရောင်တွေ တဝင်းဝင်းနှင့် သာသနာ့ရောင်ဝါထွန်းလင်း တောက်ပလှသော ရွှေမြန်မာပြည်ကြီးတွင် မှီတင်းနေထိုင် ကြကုန်သော မြန်မာပြည်သူ ပြည်သားတို့မှာလည်း သာသနာတော်ကြီး၏ အဆုံးအမအောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ၊ ဖော်ရွေလိုက်လဲစွာ၊ ဖေးမကြင်နာစွာ၊ ပျော်ရွှင်ကြည်နူးစွာ၊ နားလည်စာနာမူရှိစွာ၊ အားပေးကူညီတက်စွာနှင့် တစ်ဦးနှင့် တစ်ဦး လူသားအချင်းချင်း မေတ္တာတရား၊ ထားတက်ကြပုံမှာ ကမ္ဘာတွင် အံ့သြဘနန်း ကိုယ့်ကြငှန်းနှင့် ကိုယ်ပိုင်ယဉ်ကျေးမူ၊ ကိုယ်ပိုင် ဝတ်စားဆင်ယင် ထုံးဖွဲ့မူများနှင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ခဲ့ကြပါသည်။


ထိုသို့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင် ဝတ်စားသွားလာမူတို့သည် ဘာသာတရား၏ အဆုံးအမ အောက်တွင် တည်နေကြသည်မှာ မချွတ်ဧကန် အမှန်ပင်ဖြစ်ပါသည်။

သူတော်ကောင်း တရားတွေနှင့် နားဝင်ယဉ်ကျေး သိမ့်မွေ့စွာနေတဲ့ မြန်မာတွေမှ မယဉ်ကျေးလျှင် မည်သူတွေက ယဉ်ကျေးပါဦးမည်နည်း။


မကောင်းမှုလုပ်ရမှာ၊ မကောင်းတာပြောရမှာကို ရှက်ခြင်း၊ မကောင်းသော အပြုအမှု အပြောအဆို အလုပ်အကိုင် တို့ကိုပြုမှုပြောဆို လုပ်ကိုင်ရမည်တို့ကို ကြောက်ခြင်းဆိုသည့် တရားနှစ်ပါးက မယဉ်ကျေး ယဉ်ကျေးလာအောင် မသိမ်မွေ့ သိမ်မွေ့လာအောင် သတိပေး ပြောဆိုညွန်ကြား ဆုံးမနေသလိုပင် ဖြစ်ပါသည်။

မိမိတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ကမ္ဘာ့အလယ်တင့်တယ်ခဲ့သော မြန်မာတို့သည် ရေမြေဥတု ယဉ်ကျေးမှုနှင့် ဘာသာကွဲပြားခြားနားလှသော အနောက်နိုင်ငံသားတို့၏ ထုံးစံဟန်ပန် နည်းစုံတို့ကို အတုယူသုံးစွဲ ဝတ်စားဆင်ယင် လာကြသည်မှာ ရှက်ရွံ့ကြောက်လန့်စရာ ကောင်းရုံမျှမက အမျိုးဘာသာ သာသနာကြီး ညှိုးနွမ်းသွားမှာကိုပင် စိုးရွံ့လှပါသည်။

ထိုကဲ့သို့ အနောက်တိုင်း ယဉ်ကျေးမှု စိုးမိုးချယ်လှယ်မှုကို မြန်မာပြည်သူ လူငယ်လူရွယ်တို့ မှီဝဲနေကြသည်မှာ အဘယ်ကြောင့်နည်းဟု ဆန်းစစ်ကြည့်လျှင် အတုမြင်အတက်သင် မှုတို့ကြောင့် ဖြစ်ပါသည်။

ရှေးက မြန်မာလူမျိုးတို့သည် မိမိတို့၏သားသမီးများကို ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ဘာသာ၏ အဆုံးအမ၊ သာသနာ၏အဆုံးအမ အောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ လူငယ် လူရွယ်များဖြစ်လာအောင် ဘုန်းတော်ကြီးကျောင်းများသို့ စေလွှတ်ကာ စာပေပညာသင်ကြားခြင်း ၊ ဥပုသ်သီတင်း ဆောက်တည်ခြင်းတို့ကို မမေ့မလျော့ ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် ပန်းထုပ်သောဖက်ပမာ မွှေးပျံ့ခဲ့ကြပါသည်။

အမျိုးသားများ သည်လည်း ပုဆိုး၊ ရှပ်အဖြူနှင့် ပနံတင့်သကဲ့သို့ အမျိုးသမီးများသည်လည်း ထမီ ရင်ဖုံးရင်စေ့ ခါးတို ခါးရှည်တို့ဖြင့် ရိုးရှင်းလှပကာ ခုန်မင်နှစ်သက်ဖွယ်ကောင်းလှပါသည်။
ယခုမူ ထိုသို့မဟုတ်ခဲ့ပြီး။ လူကြီးမိဘများ သည်လည်း သားသမီးများ၏ ဝတ်စားဆင်ယင် ပြောဆိုပုံမှစ ယဉ်ကျေးသိမ်မွေ့မှု ပျောက်နေပုံကို သတိမမူပဲ ခေတ်စနစ်ကိုလွဲချကာ ဥပေက္ခာပြုလျက် ရှိပေသည်။

ဘာသာတရား၏ ကျောင်းတော်ကြီးများဖြစ်သော ဘုန်းတော်ကြီးကျောင်းများသို့ မိမိတို့ကိုယ်တိုင်လည်း ရံဖန်ရံခါမှ သွားလာဘိသကဲ့သို့ သားသမီးများကိုလည်း စေလွှတ်ခြင်း မပြုခဲ့ပေ။

မြန်မာတို့နှင့် ဖီလာဆန့်ဘက်ဖြစ်သော အနောက်တိုင်း ယဉ်ကျေးမူတို့သည် ထိုနယ်ပယ်များမှ တဆင့် လူငယ်လူရွယ်များ၏ အတုယူစိတ်ကို လမ်းလွှဲသို့ ဆွဲဆောင်ခေါ် ယူနိုင်ခဲ့ပေသည်။

အထူးသဖြင့် မြန်မာအမျိုးသမီးများ အဓိကကျလှပါသည်။ အချို့သော မြန်မာအမျိုးသမီးများသည် မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတို့မှ ပေါက်ဖွားလာသောကြောင့် မြန်မာအမျိုးသမီးများဟု မှတ်ယူရပါသည်။

ထိုအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မူ ဟန်ပန်တို့မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမူဟန်ပန်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။

အရှက်တရားတို့ကို လုံးဝမေ့ထားကြသည်နှင့် တူလှပါသည်။ ဘာသာတရား၏ အဆုံးအမနှင့် ဝေးကွာခဲ့ကြပြီးနှင့် တူပါသည်။

ရိုးရိုးရှင်းရှင်းနှင့် မြန်မာဆန်ဆန် ဝတ်စားဆင်ယင်သူများလည်း ရှိပါသည်။ အများစုမှာ တိုတောင်းသောစကပ်၊ ကောက်ညှင်းထုပ်စည်း သကဲ့သို့ ကြပ်ညှပ်လှသော ထမီစကပ် ရင်ဟိုက် ကိုယ်ကြပ် ချက်ပေါ်ကြိုးပျောက်တို့နှင့် ရှက်ဖွယ်လိလိ ပင်ဖြစ်ပါသည်။

ငွေကြေးတစ်ခုသာ ကြည့်ကာ လူမျိုးဘာသာ ယဉ်ကျေးမှုစရိုက် ကွဲပြားလှသော နိုင်ငံခြားသားများကို ပေါင်းသင်းလက်ထပ် နေကြသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။
မြေမျိုပြီး လူမျိုးမကုန်နိုင်ပါ။ လူမျိုမှသာ လူမျိုးကုန်နိုင်ပါသည်။ မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုး မြန်မာ့ဓလေ့တို့ ကမ္ဘာမှာ ထင်ရှားစွာ ဆက်လက်တည်ရှိနေရန်မှာ မြန်မာအမျိုးသမီးထု၏ ကြီးမားသော သမိုင်းပေးတာဝန် ပင်ဖြစ်ပါသည်။

ယခုကား ကြောက်စရာကောင်းသော ယဉ်ကျေးမှုတို့ကြောင့် သာသနာ့နယ်မြေ တို့သည်လည်း ပန်းခြံကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေပါသည်။

"မြက်ခင်းပေါ် မနင်းရ" ဆိုသောစာသည် စည်းကမ်းမရှိသော၊ ယဉ်ကျေးမှုသိမ်မွေ့မှု မရှိသော သူတွေရှိနေသည့် အတွက် ရေးထားရခြင်း ဖြစ်ပါသည်။

ကိုယ်ပိုင် အသိစိတ်ဓာတ်နှင့် ဆင်ခြင်တုံ တရားရှိနေမည်ဆိုလျှင် ထိုစာတန်းများကို ရေးသားရလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာ ဘုရားစေတီ စောင်းတန်း စသော သာသနာပိုင် နယ်မြေ များပေါ်တွင် အတွဲများ မဖွယ်မရာပြုမှုခြင်းများကို ဖမ်းဆီးဖယ်ရှား နေရသည်မှာလည်း ဘာသာတရား ထွန်းကားဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ရှယ်ဖွယ်လိလိ ပင်ဖြစ်ပါသည်။

အခြားဘာသာကြီးများ၏ အဆောက်အဦးများဖြစ်သော ဗလီ၊ ချပ်ကျောင်းများတွင် ထိုဘာသာဝင်တို့ ယင်းသို့ပြုမှုဆောင်ရွက်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရလေလေ ရှက်ရွံ့ဝမ်းနည်း ဒေါသ ထွက်ရလေလေ ဖြစ်ပါသည်။

ထိုကြောင့်ကိုယ်ပိုင် အသိစိတ်ဓာတ် နှင့် ဆင်ခြင်ကြလျှင် အကောင်းဆုံး ဖြစ်မည်ဟု ထင်မိပါသည်။

ဝတ်စားဆင်ယင်မှုကို လုံခြုံစွာ ဝတ်စားဆင်ယင် သင့်ကြပါသည်။ အကွဲအပြဲ အဖော်အဟိုက်များသည် မလိုလားအပ်သော ဘေးရန်များ ဝင်ရောက်စေနိုင်ပြီး ရန်သူတို့ကို ဖိတ်ခေါ်နေ သကဲ့သို့ ဖြစ်နေပါသည်။

”ဖုံးကွယ်ထားသော အရာသည် လှစ်ဟဖော် ထုတ်ထားသော အရားများထက် များစွာ တန်ဖိုးကြီးမားလှပါသည်။ ရွှေထက်ပင် တန်ဖိုးကြီးမှားလှသော မိန်းမတို့၏ သိက္ခာတရားများကို ဖော်ထုတ်ပြသနေခြင်းသည် လှပလာခြင်းမဟုတ်ပဲ ပျက်စီးလာခြင်းပင် ဖြစ်ပါသည်။

ဘာသာရေးတရားအရ ကြည့်မည်ဆိုလျှင်လည်း တဏှာဆိုသော ညစ်ညမ်းမှုကြီးပင်ဖြစ်ပါသည်။”


မြန်မာတို့၏ ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှု၊ ကိုယ်ပိုင်ယဉ်ကျေး မှုတို့ကို မပျေက်မပျက်ရလေအောင်၊ တခြားဘာသာဝင်များ အနေဖြင့် မိမိတို့ ဘုရားကျောင်းကန် သာသနာ့ နယ်မြေများကို လေ့လာဝင်ထွက် မှတ်သားထားသည့်အခါ မေးငေါ့ရှုတ်ချစရာ မဖြစ်အောင်၊ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကြီး မကွယ်မပျောက်ရလေအောင်၊ ဗုဒ္ဓဘာသာကြီးနှင့် ယှဉ်တွဲမှတ်သားရသော မြန်မာပြည် မြန်မာလူမျိုးတို့ မပျောက်ဆုံးမတိမ်ကော သွားရလေအောင် မြန်မာပြည်သူပြည်သား အားလုံး သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက် သင့်လှပါသည်။

နိုင်ငံတော် တက္ကသိုလ် ကျောင်းသားကျောင်းသူများကို မြန်မာဆန်ဆန် ဝတ်စားဆင်ယင်စေပြီး မြန်မာ့တက္ကသိုလ် ကျောင်းတော်ကြီးများ၏ အလှပေါ်အယဉ်ဆင့် စေခဲ့သည်မှာ ဝမ်းသာကြည်နှုးခဲ့ရပါသည်။

ထို့ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ဘာသာသာသနာအကျိုးကို ရှေးရှုပြီး ဘုရားကျောင်းကန် စေတီပုထိုးများနှင့် သာသနိက အဆောက်အဦးများ ဝတ္တကနယ်မြေများပေါ်တွင် ဝတ်စားဆင်ယင်မှုမှအစ ပြုမှုဆောင် ရွက်နေထိုင်မှုများအား သတိပြုဆင်ခြင်သင့်ပါကြောင်း အကြံပေး တိုက်တွန်းရေးသား လိုက်ရပါသည်။

၂၀၀၅-ဒီဇင်ဘာ-၆ရက်..ဓမ္မဝီရဂျာနယ်မှ...မှီငြမ်းရေးသားထားပါသည်။

မောင်ငြိမ်းချမ်းလေး


Share/Bookmark


Responses

3 Respones to "ယဉ်ကျေးဝေဆာ ပြည်မြန်မာ.."

flowerpoem said...

တပည့်တော် စာလာဖတ်ပါတယ် ဘုရား သာသနာ ထွန်းကားအောင် မိမိယဉ်ကျေးမှုကို အားလုံး ထိန်းသိမ်းသင့်ပါတယ် ဘုန်း၂


July 6, 2010 4:19 AM
ရှမ်းဘွိုင်းလေး (သုံးဆယ်) said...

”ဖုံးကွယ်ထားသော အရာသည် လှစ်ဟဖော်ထုတ်ထားသော အရားများထက် များစွာ တန်ဖိုးကြီးမားလှပါသည်။ စာကြောင်းလေးအနေဖြင့် ၀တ်စားဆင်ယင်မှုတစ်နေရာတွင်သာမက အခြားကိစ္စအကြောင်းအရာများတွင်ပါ အသုံးဝင်မည့်စာလုံးလေးမည်ဖြစ်ဟု ထင်မြင်လျှက်...

ရိုသေစွာ ဦးခိုက်လျှက်
တပည့်တော် ရှမ်းဘွိုင်းလေး (သုံးဆယ်)။


February 6, 2011 1:17 AM
mmminmi09@gmail.com said...

ဘုန်းဘုန်းဘုရားတပည့်တော်လာရောက်ဖတ်ရှူ့ သွား
ပါတယ်ဘုရားတပည့်တော်ရဲ့ သူငယ်ချင်းတွေ့ 
ကိုလဲမျှဝေပေးလိုက်ပါတယ်ဘုရားစိတ်ချမ်းသာကိုယ်ကျန်း
ပါစေအရှင်ဘုရား


July 22, 2011 8:03 AM

Post a Comment

ထင်မြင်ချက် ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးတင်သည့် ပို့စ် များ

ယခုလက်ရှိစာဖတ်နေသူ


ခေါင်းစဉ်အညွှန်းများ

အထက်သို့ Copyright © 2010 | http://www.living-in-peace.net/